HDR ဆိုတာက ဒီနေ့ခေတ် ဖုန်းကင်မရာတိုင်းလိုလိုမှာ ပါတဲ့ Function တခုပါ။ HDR ဆိုတာကို ဒီနေ့ခေတ် Selfie ဓာတ်ပုံရိုက်တာကို ဝါသနာပါသူတွေ၊ ဖုန်းကင်မရာနဲ့ ဓာတ်ပုံအရိုက်များတဲ့ အမျိုးသမီးတွေ အများစုက ကျွန်တော့ထက် ပိုသိပြီး၊ ပိုပြီးတော့တောင် လက်တွေ့သုံးနေကြလိမ့်မယ် ထင်ပါတယ်။ ထားပါတော့ HDR ဆိုတာ အပြည့်အစုံကတော့ High Dynamic Ranges ဖြစ်ပါတယ်။ ကိုယ်ရိုက်လိုက်တဲ့ ဓာတ်ပုံထဲမှာ အလင်းအမှောင်တွေ ခြားနားနေတာကို ဓာတ်ပုံထဲမှာ အားလုံးပေါ်အောင် ဖမ်းပေးနိုင်တာ ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ ဓာတ်ပုံထဲမှာ လင်းတဲ့နေရာတွေရော၊ မှောင်တဲ့နေရာတွေပါ Exposure အလင်းအမှောင်မှန်မှန်နဲ့ ရှင်းရှင်းလင်းလင်း ပေါ်လာတာလို့ အလွယ်နားလည်ရင် ရပါတယ်။
ကင်မရာတွေဆိုတာ လူ့မျက်လုံးနဲ့ အမြင်ပိုင်းဆိုင်ရာ ခံစားမှုတွေကို တုပတည်ဆောက်ထားပေမယ့် လူု့မျက်လုံးနဲ့ မတူတာတွေ အများကြီး ရှိပါတယ်။ လူ့မျက်လုံးကတော့ မြင်ကွင်းတခုကို ကြည့်လိုက်ရင် အမှောင်ပိုင်းက အကြောင်းအရာတွေရော၊ အလင်းပိုင်းက အကြောင်းအရာတွေရော အားလုံးလိုလိုကို ပုံမှန်တွေ့မြင်နိုင်ပါတယ်။ ဒါပေမယ့် ဓာတ်ပုံရိုက်တဲ့ ကင်မရာတွေက ပုံရိပ်ဖမ်း Sensor တွေကတော့ တန်ဖိုးတခုကိုပဲ အမှန်မြင်နိုင်ပါတယ်။ အလွယ်ပြောရရင် အလင်းဆိုရင် အလင်း၊ အမှောင်ဆိုရင်အမှောင် တခုကိုပဲ မှန်အောင် ဖမ်းယူပြီး ရိုက်နိုင်ပါတယ်။ အလင်းနဲ့ အမှောင် ခြားနားချက် အတော်များများကို ဖမ်းယူပေးနိုင်တဲ့ ကင်မရာတွေကို Dynamic Ranges ကောင်းတယ်လို့ သတ်မှတ်ကြပါတယ်။ Dynamic Ranges ကောင်းဖို့ဆိုတာက ပုံရိပ်ဖမ်းတဲ့ sensor တွေ ကြီးဖို့ လိုပါတယ်။ အခြေခံ မှန်ကန်ချက်ကတော့ ပုံရိပ်ဖမ်းတဲ့ sensor ကြီးလေ Dynamic Ranges ပိုကောင်းလေပါပဲ။ Sensor အရွယ်အစားချင်းအတူတူဆိုရင်တော့ Processor ပိုကောင်းတဲ့ ကင်မရာတွေက Dynamic Ranges ပိုကောင်းပါတယ်။
လက်တွေ့မှာတော့ ဖုန်းကင်မရာတွေအားလုံံးက ပုံရိပ်ဖမ်းတဲ့ Image Sensor သးသေးလေးတွေပါ။ ဒါကြောင့် ပုံမှန် ဖုန်းကင်မရာ အများစုမှာ Dynamic Ranges အများကြီး ကောင်းဖို့ သိပ်ပြီး မျော်လင့်မထားပါနဲ့။ အဲဒီတော့ လူတွေက အမှောင်ထဲရောက်နေပြီး နောက်ခံက လင်းနေတဲ့ အနေအထားမှာ ဓာတ်ပုံရိုက်ရင် ဓာတ်ပုံထဲမှာ လူတွေက မည်းကုန်ပါတယ်။ လူတွေကို လင်းလာအောင် ရိုက်ရင် နောက်ခံက ဖြူဖွေးသွားပါတယ်။ လူတွေ နောက်ခံရော ၂ခုစလုံး အဆင်ပြေပြေလိုချင်ရင် HDR နဲ့ အလွယ်တကူ ရိုက်လို့ရပါတယ်။အဲဒီအခါ ကင်မရာက အမှောင်ထဲက လူတွေကို လင်းပေးပါတယ်။ မိုးအုံနေတဲ့ မြင်ကွင်းတွေ၊ နေဝင်နေထွတ်ချိန် ဓာတ်ပုံတွေဆိုရင်လည်း ကောင်းကင်နဲ့ နေလုံးက ဓာတ်ပုံထဲမှာ အရှိအတိုင်းပေါ်ပြီး ကျန်တဲ့အရာတွေက မည်းကုန်ပါတယ်။ အဲဒါကို သဘောမကျရင် HDR ဆိုတာကို သုံးပြီး ရိုက်နိုင်ပါတယ်။
HDR ဆိုတာ ဘယ်လို လုပ်ဆောင်ပေးတာလည်း။ တချို့ ဖုန်းကင်မရာတွေက HDR နဲ့ ရိုက်ရင် အလင်းရောင်ရှိတဲ့နေရာကို အမှန်ရိုက်ယူပြီး မှောင်နေတဲ့ နေရာနေကို နည်းပညာနဲ့ လင်းပေးလိုက်ပါတယ်။ မှောင်နေတဲ့ နေရာတွေကို နည်းပညာနဲ့ ပြန်လင်းပေးတဲ့ အခါ မူလက ဘယ်လောက်အထိ မှောင်နေတာလည်း ဆိုတာကို မူတည်ပြီး ပုံထွတ်တွေ ကွာခြားတတ်ပါတယ်။ မူလက အရမ်းမှောင်နေတာကို ပြန်လင်းတဲ့အခါ မလိုလားအပ်တဲ့ အစက်အပြောက် Noises ဆိုတာတွေ ပေါ်လာတတ်ပါတယ်။ အဲဒါတွေကို နည်းနည်း ထိမ်းလို့ရအောင် တချို့ ဖုန်းကင်မရာတွေမှာ HDR Auto, low, High ဆိုပြီး ရွေးချယ်စရာ ပေးထားတတ်ပါတယ်။ Auto ကတော့ ကင်မရာက အလိုအလျှောက် ပြုလုပ်ပေးမှာ ဖြစ်ပြီး Low ကတော့ အမှောင်နေရာတွေကို နည်းနည်းလေးပဲ ပြန်ဖွင့်ပေးမှာ ဖြစ်ပါတယ်။ နည်းနည်းလေးပဲ ပြန်ဖွင့်ပေးတော့ အမှောင်နေရာတွေ အရမ်းလင်းလာမှာ မဟုတ်ပေမယ့်လည်း မလိုလားအပ်တဲ့ အစက်အပျောက် Noises တွေတော့ သိပ်ပေါ်မှာ မဟုတ်တော့ပါဘူး။ Hight ဆိုရင်တော့ မှောင်နေတဲ့နေရာတွေကို အစွမ်းကုန် ပြန်ဖွင့်ပေးမှာဖြစ်ပါတယ်။ အဲဒါဆိုရင် ဓာတ်ပုံထဲမှာ အမှောင်ပိုင်းနေရာတွေ ပိုလင်းလာသလို Noises လို့ခေါ်တဲ့ အစက်အပေါက်တွေလည်း ပိုများလာမှာ ဖြစ်ပါတယ်။
တချို့ဖုန်းကင်မရာတွေကတော့ HDR ဆိုတာကို သုံးရင် ဓာတ်ပုံတခါရိုက်တိုင်း ကင်မရာက အလိုအလျှောက် အနည်းဆုံး ၂ပုံ-၃ပုံ ရိုက်ပြီး တပုံတည်းပြန်ပေါင်းပေးပါတယ်။ ကိုယ်က HDR နဲ့ ဓာတ်ပုံရိုက်ရင် ကင်မရာက အလင်းဆုံးနေရာကို အမှန်တခါ ရိုက်ပါတယ်။ အမှောင်ဆုံးနေရာကို အမှန်တခါရိုက်ပါတယ်။ ကြားနေရာကို အမှန်တခါ ရိုက်ပါတယ်။ ပြီးသွားတော့မှာ အားလုံးမှန်တဲ့ ဓာတ်ပုံတပုံအဖြစ် စုပြီးပြန်ပေါင်းပေးလိုက်ပါတယ်။ ဒီလိုမျိုးကင်မရာတွေက အပေါ်က ကင်မရာတွေထက် ပုံထွတ်ပိုကောင်းပြီး Noises လို့ခေါ်တဲ့ အစက်အပျောက်တွေလည်း မပါသလောက်ပါပဲ။ ဒီလိုဖုန်းကင်မရာတွေဆိုရင် တချက်သတိထားရမှာက ဓာတ်ပုံတပုံရိုက်တိုင်း ၂ခါ-၃ခါ ပြန်ရိုက်နေတာမို့ ကင်မရာကို မပြီးမချင်း ငြိမ်နေအောင် ကိုင်ထားဖို့ လိုပါတယ်။ ဓာတ်ပုံအရိုက်ခံသူတွေကလည်း မပြီးမချင်း ငြိမ်နေဖို့ လိုအပ်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ဓာတ်ပုံထွတ်လာတဲ့အခါ ပုံရိပ်တွေ ၂ထပ်-၃ထပ် ဖြစ်နေကို တွေ့ရမှာ ဖြစ်ပါတယ်။
*** HDR နဲ့ ရိုက်တဲ့အခါ ချက်ချင်းမရပဲ ကင်မရာက အလုပ်လုပ်နေတာကို ပြီးအောင် စောင့်ဖို့လိုပါတယ်။ ကင်မရာက အမှောင်ပိုင်းနေရာတွေကို ပြန်လင်းပေးဖို့အတွက် ဖြစ်စေ ၊ ကင်မရာက အလိုအလျောက်ပုံ ၂ပုံ၃ပုံ ၅ပုံ အစရှိသဖြင့် ရိုက်ပြီး ပြန်ပေါင်းနေရတဲ့အတွက် ဖြစ်စေ ပုံတစ်ပုံရဖို့ အဝိုင်းလည်အပြီးစောင့်ရတယ်။
အခုပြောတဲ့ ဒုတိယနည်းလမ်းကို ဓာတ်ပုံရိုက် ကင်မရာတွေနဲ့ ဓာတ်ပုံသမားတွေက သုံးကြပါတယ်။ အဲဒီအတွက် HDR Photography ဆိုပြီး ဓာတ်ပုံပညာရပ် အသစ်တခု ဒီဂျစ်တယ် ခေတ်မှာ ပေါ်ပေါက်လာရပါတယ်။ HDR Photography အကြောင်း အပြည့်အစုံကို အချိန်ရတဲ့အခါ ရေးပါဦးမယ်။ ဒီအမေးအဖြေကတော့ ဖုန်းကင်မရာတွေအတွက်ပဲမို့ ဒီလောက်ဆို ပြည့်စုံပြီလို့ ယူဆပါတယ်။
မူရင်းရေးသားသူ ကိုကျော်ကျော်ဝင်း အား လေးစားစွာ credit ပေးပါတယ်။